ကျွန်မမှာ ချစ်သူဝိုင်းဝိုင်းလည်

ကျွန်မမှာ ချစ်သူဝိုင်းဝိုင်းလည်
================

1999 ခုနှစ်တုန်းက ဆရာကြီး ဦးစောဆိုင်မွန်သာက ပြောပြခဲ့တာ။ ကုလားတွေဟာ တရုတ်ကိုကြောက်တယ်တဲ့။ တရုတ်တွေကတော့ ဂျပန်ကိုကြောက်ပါတယ်တဲ့။ ဘာလို့လဲဆရာလို့ မေးတော့ ကုလားတွေ ရပ်ကွက်ထဲ တရုတ်ဝင်လာရင် ရှိသမျှစီးပွားရေး သိမ်းသွားတာပဲတဲ့။ အဲဒီလိုပဲ ဂျပန်ဝင်လာရင် တရုတ်တွေ ပြေးရတာပဲတဲ့။ ဘာနဲ့ ဆိုင်သလဲဆိုတော့ Neuro surgeon (ဦးဏှောက်နှင့် အာရုံကြောဆိုင်ရာ ခွဲစိတ်အထူး…ကုဆရာဝန်) ပီပီ ဖြေပါတယ်။ Frontal Lobe ( ဦးဏှောက်ရှေ့ဆုံးပိုင်း ဧရိယာ) အကြီး အသေးနဲ့ ဆိုင်ပါတယ်တဲ့။ အဲဒီတုန်းက ကိုယ့်ခေါင်းကို အသာပြန်စမ်းမိသေးတယ်။ အခုတော့လဲ သိနေပြီမို့ မလိုတော့ပါဘူး။

European တွေရဲ့ အပြောတခုလည်း ဖတ်ဖူးသေးတယ်။ ငါတို့က မျိုးဆက်တဆက်စာပဲ စဉ်းစားတာ၊ ဂျပန်တွေကတော့ မျိုးဆက် ၃ ဆက်စာစဉ်းစားတာ။ ဒါကြောင့်လဲ ငါတို့ကိုကျော်ပြီး နံပါတ် ၃ နေရာကို မျိုးဆက်တခုအတွင်းမှာ ရသွားတာပေါ့တဲ့။

ရှာမှရှားတဲ့ စူပါဘရိန်း လီကွမ်ယုကလည်း ကုမ္ပဏီတခုတည်းအောက်က စက်ရုံနှစ်ရုံမှာတောင် ဂျပန်မန်နေဂျာရှိတဲ့ စက်ရုံကထုတ်လုပ်မှုသာတဲ့အကြောင်းရေးထားသေးတယ်။ ဂျပန်မန်နေဂျာတွေက အောက်သက်ကြေပြီး စက်ဆီပေမှာ မကြောက်ပဲ အောက်ခြေအလုပ်သမားတွေနဲ့အတူဝင်လုပ်နိုင် လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်လို့တဲ့။

မရိုးနိုင်တဲ့ ဗမာဆုံးမစကားတခွန်းလဲ ရှိပါသေးတယ်။ တရုတ်လိုရှာ ကုလားလိုစု ဗမာလို မဖြုန်းနဲ့တဲ့။ တရုတ်ရယ် ဗမာရယ် ကုလားရယ် စင်္ကာပူရယ် ဂျပန်ရယ် European ရယ် ကိုများ နံပါတ်စီလိုက်ကြမယ်ဆိုရင် —- ဒါကြောင့်ပြောတာပေါ့။ သိပြီးသားမို့ ခေါင်းကို စမ်းစရာ မလိုတော့ပါဘူးလို့။

ကြားဖူးနားဝကို လက်တွေ့သိရတဲ့အချိန်ကျတော့ သူတို့ပြောတာ အပိုမဟုတ်ဘူးဆိုတာ မြင်လာပါတယ်။ ဆင်တကောင်လုံးတွေ့လို့ ဆင်ခြေရာခံမိတာပေါ့လေ။ JICA ဆိုတာ အရင်က NGO အဖွဲ့အစည်းတခုလို့ပဲ နားလည်ခဲ့တာ။ ဂျပန်ဆေးရုံသစ်ကြီးဆောက်ပေးတဲ့အဖွဲ့ပေါ့။ သူတို့ပေးခဲ့တဲ့ ရေခဲသေတ္တာတွေ နောက်တနှစ်လာစစ်တော့ ဆေးရုံထဲမှာမရှိဘဲ ဆေးရုံလူကြီးအိမ်ရောက်နေတဲ့အကြောင်း၊ သူတို့ပေးခဲ့တဲ့ ကုတင်ပေါ်မှာ ပျော်ပျော်ပါးပါးအိပ်ရင်းနဲ့ အလုပ်သင် ညဂျုတီအတူဆင်းခဲ့တဲ့ သူငယ်ချင်းတွေတောင် လွမ်းမိပါသေး။ နောက်တခါ ကြားရပြန်တာက JICA က ကုသိုလ်ဖြစ်ဆေးခန်းတွေကို ဆေးလှူမှာတဲ့။ သာဓုပါရှင်။ ဟိုတနေ့ကမှ သိတယ်။ ၁၅ နှစ်လုံးလုံး JICA တကယ်လုပ်နေတဲ့အလုပ်က တနေ့မှာ ဖွံ့ဖြိုးလာမယ့်မြန်မာပြည်မှာ ရင်းနှီးမြုပ်နှံနိုင်မယ့် နေရာတွေ၊ သတင်းတွေ၊ စီးပွားကွက်တွေနဲ့ စီးပွားဖက်တွေကို ရှာဖွေစုဆောင်းထားဖို့တဲ့။ မြတ်စွာဘုရား။ တို့များမြန်မာပြည်ကို ဖွံ့ဖြိုးဖို့ မျှော်လင့်နေတာ တို့တွေချည်းပဲမှတ်နေတာ။ အင်းလေ –နံပါတ်စဉ်ထဲမှာ ဘိတ်ချီးဆိုတော့လဲ ထိပ်ဆုံးကကောင် ဘာလုပ်လဲ မသိနိုင်တာ မထူးဆန်းပါ။

သွားရင်းလာရင်းနဲ့ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ ဂျပန်ဘဏ်ခွဲတခု ဖွင့်လှစ်တာကို သတိထားမိပါတယ်။ သတင်းစာထဲမှာလည်း ဆီဒိုးနားဟိုတယ်မှာ ဂျပန်စီးပွားရေးရုးံခွဲတခု ဖွင့်လှစ်ကြောင်းနဲ့ အကူအညီ အကြံဥာဏ်လိုအပ်တဲ့ ဂျပန်စီးပွားရေးသမားများကို ကူညီမယ့်အပြင် ရုံးခန်းတလခွဲဖွင့်ခွင့်ကိုတောင် အလကားပေးဦးမယ်တဲ့။

သံလျင်တံတားအဆင်းက Star City စီမံကိန်းနေရာကို လွန်ခဲ့တဲ့လက မိတ်ဆွေတယောက်နဲ့ ရောက်သွားပါတယ်။ တကယ်ဆောက်နေတဲ့ ကွန်ဒို အဆောက်အဦးက ၂ ခုထဲပဲရှိသေးတာပါ။ အရောင်းပြခန်းကတော့ န၀ဒေးအိမ်ယာ ပြခန်းထက်တောင် အပုံကြီးသာပါတယ်။ အခန်းတွေ နမူနာဖွဲ့ပြထားပြီး ထိုင်းဒီဇိုင်နာက ဆင်ပေးထားတော့ မြင်တာနဲ့တင် လိုချင်စရာ။ အရစ်ကျ ငွေချေစနစ်ကို အုံနဲ့ကျင်းနဲ့ ၀ိုင်းဝယ်နေတဲ့လူတွေကတော့ ဂျပန်တွေပါ။ ကျွန်မတို့လို မြန်မာတွေကတော့ သွားရေကျရုံထက် မပိုပါဘူး။ ဘယ့်နှယ် ဒီလောက်ကျဉ်းတဲ့ စတုရန်း ပေ ၉၀၀ အခန်းလေးကို သိန်း ၈၀၀ တဲ့။ ရန်ကုန်မြို့ထဲကအခန်းတွေ ဈေးထက်များနေပြီ။ ပတ်ဝန်းကျင်လမ်းတွေ ရေကန်တွေ ပန်းခြံတွေကတော့ အပြတ်အသတ်သာတာပေါ့လေ။ ဟိုဘက်က သီလ၀ါစီမံကိန်းကို ၁၅ မိနစ်လောက်သာ သွားရတော့မှာမို့ အလုပ်လာလုပ်ကြမယ့် ဂျပန်များနေဖို့ ရည်ရွယ်ဆောက်လုပ်ပါတယ်တဲ့။ ဆောက်လုပ်ရေးက တာဝန်ခံမန်နေဂျာက စင်္ကာပူလူမျိုးပါ။ လိုချင်လှချည် တကဲကဲဖြစ်နေတဲ့ မေမေ့ကို အဝေးကြီးပါမေမေရယ်၊ နေနိုင်မှာမဟုတ်ပါဘူးလို့ ညာတာပါတေးချော့ခေါ်လာခဲ့တယ်။ အဲဒီအထိလဲ လောကကြီးဘာဖြစ်နေမှန်း မသိသေးပါဘူး။

ပန်တင်းခေါင်းလျှော်ရည် ကြော်ငြာလိုပဲပြောရတော့မယ်။ ခုတော့ ကျွန်မသိပြီ။ ကိုကို ဂျပန်များသာ အလည်ဆုံး အတော်ဆုံးဆိုတာ။ အခုဘာသာပြန်မယ့် ဆောင်းပါးကို ဖတ်မိသွားတာမို့ပါ။ သမ္မတဦးသိန်းစိန်က လက်ယပ်ခေါ်ပြီး ၀ါတာနာဘဲစံ မင်းကိုပေးစရာတခုရှိသတဲ့။ ဒီတကွက်ထဲနဲ့တင် ၁၅ နှစ်ရင်းနှီးခဲ့ရသမျှ တန်ပါပေ့လို့ ဆိုရမှာပါပဲ။ အကြွေးတွေမဆပ်နဲ့တော့လို့ ပြုံးပြုံးကလေးပြောသွားတာအပြင် နောက်ထပ်လည်း ထပ်ချေးဦးမှာတဲ့။ ဟုတ်ကဲ့ ကျေးဇူးကြီးလှပါပေရဲ့ရှင်။ အပေါ်မှာ နိဒါန်းချီထားသမျှ မှန် မမှန်ဆောင်းပါးလေးဖတ်ပြီး ဝေဖန်ကြည့်ကြပါဦး။ ( Reuters (အမေရိကန်သတင်းဌာန) မှာ ၂.၁၀.၁၂ နေ့မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးရှင် အန်တိုနီ စလိုကော့စကီးရဲ့ လက်ရာဖြစ်ပါတယ်။)

ဂျပန်များ၏ မြန်မာပြည်သို့ တိတ်တဆိတ် ချီတက်ခြင်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: