အရှိကိုအရှိအတိုင်းကြည့်မြင်ရမည့် “၂၀၀ ၈ အခြေခံဥပဒေပြင်ဆင်ရေး” http://moemaka.com/archives/35039?fb_source=pubv1

အရှိကိုအရှိအတိုင်းကြည့်မြင်ရမည့် “၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး”

အရှိကိုအရှိအတိုင်းကြည့်မြင်ရမည့် “၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး”

တူမောင်ညို (၂၀၁၃ ခုနှစ်၊ မေလ ၂၅ ရက်)

“၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးသည် လက်တွေ့အကောင်အထည်ဖော်ကြရမည့် ကိစ္စဖြစ်လာပြီ။

သို့အတွက် ပြင်ဆင်နိုင်ရေးဆိုင်ရာလက်တွေ့ကိစ္စများကို ပြောကြရာတွင် အရှိကို အရှိတိုင်း ကြည့်မြင်နိုင်ကြဖို့လိုပါသည်။ အရှိ ကို အရှိအတိုင်းကြည့်မြင်၍ “၂၀၀၈ အခြေခံဥပဒေ” ဘောင်ထဲသို့ ဝင်ခဲ့ကြပြီးပြီမဟုတ်ပါသလော။

ပြင်ဆင်ရေးလက်တွေ့ကိစ္စများကို ပြောရမည်ဆိုလျှင် လွှတ်တော်တွင်းပြင်ဆင်မည်ဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်အတွင်း ရရှိထားသည့် မိမိပါတီ၏ လွှတ်တော်အမတ်အရေအတွက် နှင့် “၂၀၀၈ အခြေခံဥပဒေ” အခန်း (၁၂) တွင်ပြဋ္ဌာန်းထားသည့် အခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ [ပုဒ်မ ၄၃၆ (က) (ခ) ] သည် လက်တွေ့အကျဆုံးအချက်အလက်များဖြစ်ပါလိမ့်မည်။

ဖေါ်ပြပါ အချက် ၂ ချက်ကို မူတည်ပြီး ပို၍လက်တွေ့ကျကျပြောရမည်ဆိုလျှင် “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေး၏အဆုံး အဖြတ်ကံကြမ္မာသည် ကြံ့ဖွံ့ပါတီနှင့်ဗိုလ်မင်းအောင်လှိုင်တို့ လက်ဝယ်တွင်ရှိနေသည်။ ကြံ့ဖွံ့အမတ်များနှင့် စစ်သားအမတ်များပေါင်းထား သည့်မဲဖြင့်သာ ပြင်ဆင်နိုင်မည့်အခြေအနေဖြစ်သည်။

ထို့အပြင်အခြေခံဥပဒေပုဒ်မ ၄၃၆ (က) နှင့်(ခ) အရ ၇၅ ရာခိုင်နှုန်းရှိရမည့် အရပ်သားအမတ်အရေအတွက်သည် ယခုအခါ ၁၉ ယောက်လျော့နည်းနေပြီဖြစ်သည်။ သို့အတွက် စဉ်းစားနေကြသလို “အရပ်သားအမတ် ၇၅ + စစ်သားအမတ် ၁ ဦး” (၇၅ ရာခိုင် နှုန်းကျော်) ဆိုသည့် စဉ်းစားနည်းတွင် စစ်သားအမတ် ၂၀ အနည်းဆုံးရမှသာ ပြင်ဆင်နိုင်တော့မည့်သဘောဖြစ်နေသည်။ ဤအတိုင်း ဆိုလျှင် အခြေခံဥပဒေပြင်ရေး/မပြင်ရေးအဆုံးအဖြတ်သည် ဗိုလ်မင်းအောင်လှိုင်လက်ထဲ ရောက်နေသည်ဟုပင်ပြောရတော့မည်။

– စိတ်ကြိုက်ရေးထားသည့် “၂၀၀၈အခြေခံဥပဒေ”

– ပြည်ထောင်စုလွှတ်တော်ထဲရှိ ကြံ့ဖွံ့ပါတီ အမတ်အများစု

– စစ်သားအမတ် (၁၆၆) ဦး

– ဝက်လက်အမတ်အဆိုတင်ထားသည့် “အခြေခံဥပဒေလေ့လာသုံးသပ်ရေးကော်မရှင်”

– ပြည်ထောင်စုလွှတ်တော် သက်တမ်းထက်ဝက်အတွက် နာယကသည် (ဗိုလ်) ဦးရွှေမန်း ဖြစ်လာမည်၊

စသဖြင့် ပြင်ဆင်ရေးအတွက်လက်ဦးမှုမှန်သမျှသည် (ကာလုံ)နှင့် ကြံ့ဖွံ့ပါတီလက်ထဲမှာရှိနေသည်။

ဤအချက်များသည့် “၂၀၀၈အခြေခံဥပဒေ” ကို လွှတ်တော်တွင်းနည်းဖြင့်ပြင်ဆင်ကြမည်ဆိုသည့် နိုင်ငံရေးပါတီ အဖွဲ့အစည်း များ ကြိုတင်သိရှိနှင့်ကြပြီးဖြစ်မည့်အချက်များဖြစ်ပါလိမ့်မည်။

ဤအခြေအနေအောက်တွင် မေလ ၂၃ ရက်နေ့စွဲဖြင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ရေးနှင့်စပ်လျဉ်းသည့် သဘောထား ကြေညာချက်အမှတ် ( ၇/ ၂၀၁၃ ) ပေါ်ထွက်လာပါသည်။

ထိုကြေညာချက်အပေါ်ကျနော့်အမြင်နှင့်ယူဆချက်ကိုတင်ပြရလျှင် (NDF)ပါတီ၏ ပြင်ဆင်ရေး နည်းဗျူဟာသည် ပြင်ဆင်ရေး အတွက် အကန့်အသတ်ဖြစ်နေသော အချက်များပြင်ဆင်ရေးကို ဦးတည်ချက် ထားပုံပေါ်ပါသည်။

(NDF) ပါတီပြင်ဆင်ရေး နည်းဗျူဟာသည် ၂၀၀၈ အခြေခံဥပဒေ၊ ပုဒ်မ ၄၃၆ (က) နှင့် (ခ) ကို ပြင်ဆင်နိုင်ရေးကို အဓိက အချက်ဖြစ်ထားပါသည်။ ယင်းအချက်၊ ယင်းပုဒ်မကို ပြင်ဆင်ထားလျှင် “၂၀၀၈ အခြေခံဥပဒေ”တစ်ခုလုံးကို ပြင်ဆင်ရန် မခက်ခဲတော့ဟု စဉ်းစားပုံပေါ်ပါသည်။ တကယ်တော့ပြင်ဆင်ရန်ခက်ခဲသော အချက်ကို ပြင်ဆင်ဖို့ဆိုသည့်ကိစ္စမှာလည်း (ကာလုံ) နှင့် ကြံ့ဖွံ့ပါတီတို့၏ လက်ထဲမှာသာရှိနေသည်မဟုတ်သလော။

ထို့အပြင် သမ္မတလောင်းအဖြစ်ရွေးချယ်ခံရရေးအတွက် “ပုဒ်မ ၅၉ (စ) တွင် ခြွင်းချက်ထည့်သွင်းရေး” ၊ “၁၄ ပြည်နယ် ဖွဲ့စည်းရေး” ၊ “လွတ်ငြိမ်းချမ်းသာခွင့်” သမ္မတသဘောဖြင့်ပေးအပ်နိုင်ရေး၊ စစ်သားအမတ်များကို စစ်တိုင်းဌာနချုပ် အလိုက် ရွေးချယ်ရေး၊ ပြည်နယ်လွှတ်တော်က ပြည်နယ်ဝန်ကြီးချုပ်ခန့်အပ်ရေး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ “ထပ်ဖြည့်အာဏာ” ပေးအပ်ရေး စသည့်စိတ်ဝင်စားဖွယ်ရာ အချက်များပါရှိပါသည်။

ယင်းအချက်များနက် “၁၄ပြည်နယ်ဖွဲ့စည်းရေး” သည် တိုင်းရင်းသား အင်အားစုများ (ပါတီနှင့်လက်နက်ကိုင်အဖွဲ့အစည်းများ) ဘက်မှ ပြောစရာဆိုစရာရှိလာမည်ဖြစ်ပါသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် “မူလစီရင်ပိုင်ခွင့်အာဏာ”၊ “အယူခံစီရင်ပိုင်ခွင့်အာဏာ”၊ “ပြင်ဆင်မှုစီရင်ပိုင်ခွင့် အာဏာ”တို့အပြင် “ထပ်ဖြည့်အာဏာ” ဆိုသည့်ကိစ္စကလည်း ထူးခြားပါသည်။ ဤကိစ္စသည် “ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး”အပေါ် ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ချက်ချခဲ့သည့် ဖြစ်ရပ်နှင့်ဆက်နွယ်နိုင်သည်ဟုစဉ်းစားမိပါသည်။ သို့တည်းမဟုတ် ပြည်ထောင်စုတရား လွှတ်တော်ချုပ်သို့ ပေးအပ်ထားသည့် “မူလစီရင်ပိုင်ခွင့်အာဏာ”များ မပြည့်မဝ/မလုံမလောက်ဖြစ်နေ၍ ထပ်ဖြည့်သည့် သဘောဖြစ်မည် မလား မသိပါဘူး။ ဤကိစ္စကို ရှေ့နေများ၊ ဥပဒေပညာရှင်များကသာရှင်းပြနိုင်ပါလိမ့်မည်။ တရားရေးမဏ္ဍိုင်ဘုံးဘုံးလဲနေသည် ကတော့ အလွန်ကို သေချာပါသည်။

“၂၀၀၈အခြေခံဥပဒေ”ကို ပြင်ဆင်နိုင်ခြင်းရှိသည်/မရှိသည်က တစ်ကဏ္ဍဖြစ်သော်လည်း (NDF) ပါတီက သူတို့ပြင်ဆင်လို သည်များကို တင်ပြသဖြင့်သူတို့၏သဘောထားဆန္ဒနှင့် အာသီသကိုသိရပါသည်။ အနိမ့်ဆုံးအားဖြင့် “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင် ရေးနှင့် စပ်လျဉ်းပြီး (NDF) ပါတီ၏ သဘော ထားနှင့်စဉ်းစားနည်းကို ပြည်သူများသိရှိလေ့လာခွင့်ရ သည်မဟုတ်လော။

“၂၀၀၈ အခြေခံဥပဒေ” တွင် အခန်း ၁၅ ခန်းပါရှိသည့်အနက် အခန်း (၉) ၊ အခန်း (၁၀) ၊ အခန်း (၁၁) နှင့် အခန်း (၁၄) တို့မှ အပ ကျန်အခန်း ၁၁ ခန်း နှင့်ပတ်သက်ပြီး (NDF)ပါတီက ပြင်ဆင်၊ ဖြည့်စွက်၊ ဖြုတ်ပယ်လိုသည့်အချက်များကို သက်ဆိုင်ရာ အခန်း နှင့်ပုဒ်မ အလိုက်တင်ပြထားပါသည်။

မြင်သာအောင် (NDF) ပါတီ၏ “ပြင်ဆင်ပြီး ဥပဒေ (မူကြမ်း) ” မှ သတိပြုမိသော အချက်အချို့ကိုထုတ်နုတ်တင်ပြပါမည်။

အခန်း (၁) တွင်

– အမျိုးသားနိုင်ငံရေး ဆောင်ရွက်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပြည်သူ့ဆန္ဒနှင့်အညီ ပါဝင်ရေး

– တိုင်းစစ်ဌာနချုပ် အလိုက် စစ်သားအမတ်များကို ကာချုပ်ကလွှတ်တော်သို့ တင်ပြရေး နှင့်စစ်သားအမတ်များ လျှော့ချရေး

– သမ္မတသည် စစ်သေနာပတိချုပ်ဖြစ်ရေး

အခန်း (၂) တွင်

– ရှိရင်းစွဲ တိုင်းဒေသကြီး ၇+ ပြည်နယ်၇ ကို “၁၄ ပြည်နယ်” အဖြစ် ပိုင်းခြားသတ်မှတ်ရေး

အခန်း (၃) တွင်

– သမ္မတလောင်းအဖြစ် ရွေးချယ်ခံရရေးအတွက် ပုဒ်မ ၅၉ (စ) အတွက် “ခြွင်းချက်” ထည့်သွင်းရေး

အခန်း (၅) တွင်

– သမ္မတ သည် ကာလုံ၏ ထောက်ခံချက်မလိုဘဲ။ “လွတ်ငြိမ်းချမ်းသာခွင့်” ပေးပိုင်ခွင့်ရှိရေး

– ပြည်နယ်လွှတ်တော်တို့မှ “ပြည်နယ်ဝန်ကြီးချုပ်”ခန့်အပ်နိုင်ရေး

အခန်း (၆) တွင်

– ပြည်ထောင်စုတရားလွှတ်တော်ချုပ်အား “ထပ်ဖြည့်အာဏာ”ပေးအပ်ရေး

အခန်း (၇) တွင်

– ဗုဒ္ဓဘာသာနှင့်အခြားဘာသာသာသနာများကို ခွဲခြားသည့်သဘောဖြစ်သည့် “ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့်” စကားရပ် အား ပယ်ဖျက်ရေး

အခန်း (၁၂) တွင်

– ပုဒ်မ ၄၃၆ (က) အခြေခံဥပဒေပြင်ဆင်ရာတွင် လွတ်တော်ကိုယ်စားလှယ်အများစုထောက်ခံမဲ ၇၅%ဖြင့်ဆုံးဖြတ်ရေး၊ “ပြည်သူ့ဆန္ဒခံယူပွဲကျင်းပရန်”ဟူသည့်အချက်ကို ပယ်ဖျက်ရန် နှင့်

– ပုဒ်မ ၄၃၆ (ခ) တွင် လည်း “လွတ်တော်ကိုယ်စားလှယ်များ၏ သုံးပုံနှစ်ပုံထောက်ခံမဲအရေအတွက်ဖြင့်ပြင်ဆင်ရေး

အခန်း (၁၅) တွင်

– ပြည်နယ်များတွင် “ရုံးသုံးစာမြန်မာစာ” နှင့်အတူ သက်ဆိုင်ရာလူမျိုးကြီး၏ ဘာသာစာပေကို ရုံးသုံးစာအဖြစ်ပူးတွဲ အသုံး ပြုရေး

ခြုံ၍တင်ပြရသုံးသပ်ရလျှင် ပြင်ရေး/မပြင်ရေး၊ မည်သည့်အချက် ပြင်မည်/မပြင်မည်ဆိုသည့် ကိစ္စအားလုံးအတွက် အဆုံးအဖြတ် သည် (ကာလုံ) နှင့်ကြံ့ဖွံ့ပါတီ၏ လက်ထဲ တစ်နည်းအားဖြင့် စတုတ္တမျိုးဆက် စစ်အုပ်စုလက်ထဲတွင်ရှိနေသော အရာသာဖြစ်သည်။

“၁၉၄၇ အခြေခံဥပဒေ” ကို “စစ်မှန်သော ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်လာစေရေး၊ နစ်နာနေခဲ့ရသော တိုင်းရင်း သားလူမျိုးများ၊ ပြည်နယ်များအတွက် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် “၁၉၄၇အခြေခံဥပဒေဘောင်အတွင်းမှ ”ပြင်ဆင်ရန် ကြိုးပမ်းခဲ့ဖူးသည့် သမိုင်းအတွေ့အကြုံရှိခဲ့ပါသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ဗိုလ်နေဝင်း စစ်အုပ်စု၏ အာဏာသိမ်း ခြင်းဖြင့် တစ်စခန်းရပ်ခဲ့ရပါသည်။

ထို့အပြင် “နောက်ကြောင်းပြန်လှည့်မည်” တနည်း “အာဏာသိမ်းမည်” ဟူသော တစ္ဆေကလည်း ခြောက်နေဆဲဖြစ်ပါသည်။

“၂၀၀၈ အခြေခံဥပဒေ” ကို “၂၀၀၈ အခြေခံဥပဒေဘောင်တွင်းမှ” နေ၍ ဒီမိုကရေစီပြည့်ဝပြီး တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ကိုတိကျစွာအာမခံနိုင်မည့် အခြေခံဥပဒေတစ်ရပ်အဖြစ် သို့မဟုတ် ဒီမိုကရေစီစံချိန်စံနှုန်းများနှင့် တကယ်တန်းကိုက်ညီသည့် အခြေခံ ဥပဒေ တစ်ရပ်သို့ ပြောင်းလဲပြင်ဆင်ရေး ဆိုသည်မှာ အပ်ဖျားပေါ် မုန်ညင်းစေ့တင်ရသည်ထက်ခက်ခဲသည့် ကိစ္စမျိုးဖြစ်နေပါသည်။

ညွန်း

– အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် စပ်လျဉ်းသည့်သဘောထား သဘောထားကြေညာချက် အမှတ် (၇/၂၀၁၃) ၊ ၂၀၁၃ ခုနှစ်၊ မေလ (၂၃) ရက်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: